အထူးသတင်းကြေငြာချက်
  • အထူးသတင်းကြေငြာချက်

လျှောက်ထားရန်

ဒေါ်လာရောင်း၊ဝယ် ဈေးနှုန်း

နိုင်ငံခြားငွေလဲလှယ်နှုန်း (၂၉.၁၁.၂၀၁၉)

အမေရိကန် တစ်ဒေါ်လာ ၁၅၁၁.၆
ဥရောပ တစ်ယူရို ၁၆၆၅.၀
တရုတ် တစ်ယွမ် ၂၁၄.၉၅
ထိုင်း တစ်ဘတ် ၄၉.၉၉၅
မလေးရှား တစ်ရင်းဂစ် ၃၆၂.၁၉
အိန္ဒိယ တစ်ရူပီ ၂၁.၁၄၀
ဂျပန် တစ်ရာယန်း ၁၃၈၁.၂
တောင်ကိုရီးယား တစ်ရာ၀မ် ၁၂၈.၂၀
သြစတြေးလျ တစ်ဒေါ်လာ ၁၀၂၂.၄
စင်ကာပူ တစ်ဒေါ်လာ ၁၁၀၆.၄
နေပြည်တော်ဘဏ်မှ ဝန်ဆောင်မှုပေးနေပါသည်။

နေပြည်တော်အကောက်ခွန်ဦးစီးဌာန

အကောက်ခွန်ဦးစီးဌာန ဦးစီးဌာနပေါ်ပေါက်လာပုံနှင့် နောက်ခံသမိုင်း
အကောက်ခွန်ဦးစီးဌာန၏ နောက်ခံသမိုင်းနှင့် အဆင့်ဆင့်ဖြစ်ပေါ်တိုးတက်မှုများ

(က)၁၇၅၄ ခုနှစ်တွင် ဒဂုံ(ရန်ကုန်)ကို အလောင်းမင်းတရားကသိမ်းယူခဲ့ပြီး မြို့သစ်တည်ထောင်ခဲ့ရာ ၁၇၅၅ ခုနှစ်မတ်လမှစ၍ ဒဂုံသည် ခေတ်မီ ဆိပ်ကမ်းမြို့ ဖြစ်လာခဲ့ပါသည်။ ထိုခေတ်အခါက မြန်မာနိုင်ငံတွင် Free Booterခေါ် ခြေသလုံးအိမ်တိုင် နိုင်ငံခြားသားများ ဥဒဟို သွားလာနေချိန်ဖြစ်ပြီး၊ ယင်းတို့အထဲမှ အကောက်ခွန်လုပ်ငန်းနားလည်သူ အာမေးနီးယန်း လူမျိုး Mr.Gregory ကို အကောက်ဝန်(Collector of Customs)အဖြစ် စတင်ခန့်အပ်ခဲ့ပါသည်။

တတိယမြန်မာနိုင်ငံတော်နှင့် ပထမအကြိမ် တည်ဆောက်ခဲ့သော အကောက်တော်ရုံး

(ခ)ရန်ကုန်ဆိပ်ကမ်းရှိ တံတားသုံးစင်းတွင် အနောက်ဘက်အကျဆုံး ဗောတံတားမှာ ဖောင်တော်တံတားခေါ် ဘုရင့်သင်္ဘောဆိပ်တံတားဖြစ်ပါသည်။ ထိုတံတားမှ သစ်တပ်မြို့ရိုးအတွင်းသို့ ယင်းလမ်းမကြီးအတိုင်း ရန်ကုန်ဘက်သို့သွားလျှင် ပထမဆုံးတွေ့ရသည့် အာမေးနီးယန်းဘုရားကျောင်း၊ ထို့နောက် ယင်းလမ်းမအတိုင်းတက်သွားလျှင် ကုလားတန်းကိုတွေ့ရပြီး လမ်းမကြီးဘေး ကုလားတန်းထောင့်တွင် မြန်မာနိုင်ငံ၏ ပထမဆုံးသော အကောက်ရုံးကို စတင်တည်ဆောက်ခဲ့ပါသည်။ ထိုစဉ်က အကောက်ရုံးကို ‘ရတနာပုံရွှေတိုက်’ဟုခေါ်ဝေါ်ခဲ့ပါသည်။

စဉ့်ကူးမင်းလက်ထက် ဒုတိယအကြိမ် တည်ဆောက်ခဲ့သော အကောက်တော်ရုံး

(ဂ)၁၇၆၀ပြည့်နှစ်တွင် အလောင်းဘုရား နတ်ရွာစံပြီးနောက် နောင်တော်ကြီးမင်းလက်ထက်တွင် Mr.Gregoryကို အကောက်ဝန်အဖြစ် တစ်နှစ်ခန့်သာ ဆက်လက်တာဝန် ထမ်းဆောင်စေပြီး ပုသိမ်မြို့တော်ဝန်အဖြစ် ပြောင်းရွှေ့တာဝန်ချထားခဲ့ပါသည်။ ထိုအချိန်က ရန်ကုန်အုပ်ချုပ်ရေးတွင် မြို့ဝန်က အကြီးအကဲပြု၍ အကောက်ဝန်၊ ရေဝန်၊ စစ်ကဲနှင့် နာခံတော်နှစ်ဦးတို့ဖြင့် ဆောင်ရွက်ခဲ့ပါသည်။ ဘိုးတော်ဘုရားလက်ထက် (၁၇၈၁-၁၈၁၉)တွင် Mr.Rodgerသည် အကောက်ဝန်ဖြစ်လာခဲ့ပါသည်။ ထို့အပြင် ဘိုးတော်ဘုရားလက်ထက်၌ အကောက်ဝန်ရာထူးကို မြန်မာလူမျိုးတစ်ဦးအား ခန့်အပ်ခဲ့ဖူးရာ ဦးကျော်ရွေးဆိုသူဖြစ်ပြီး၊ အင်းလျားကန်ကြီးကို တူးဖော်ခဲ့သူဖြစ်ကြောင်း သိရှိရပါသည်။ ဘကြီးတော်မင်းတရားလက်ထက်(၁၈၁၉-၁၈၃၇)တွင် စပိန်လူမျိုးဖြစ်သူ Mr.Ignaice Lancigoဆိုသူသည် အကောက်ဝန်ဖြစ်လာခဲ့ပါသည်။ ၁၈၂၄ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲဖြစ်ပြီးနောက် အင်္ဂလိပ်စစ်ဗိုလ်ချုပ် Sir.Archibald Campbellသည် ရန်ကုန်မြို့အား သိမ်းပိုက်ပြီးနောက် ဘကြီးတော်လက်ထက်ခန့်အပ်ခဲ့သော အကောက်ဝန် Mr.Lancigoကို ဖမ်းဆီးချုပ်နှောင်ပြီး ၎င်း၏ သင်္ဘောကပ္ပတိန်ဖြစ်သူ Inicholကို အကောက်ဝန်အဖြစ်ခန့်အပ်ခဲ့ရာ ၁၈၂၆ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ကြောင်းသိရှိရပါသည်။ ၁၈၂၆ ခုနှစ်တွင် စစ်ပွဲပြီးဆုံးသွားရာ ရန္တပိုစာချုပ်အရ ရန်ကုန်ဆိပ်ကမ်းကို မြန်မာတို့ပြန်ရပြီးနောက် မြန်မာအာဏာပိုင်တို့က Mr.Ignace Lancigoအား အကောက်ဝန်အဖြစ်ပြန်လည်ခန့်အပ်ပါသည်။ ၁၈၃၆ခုနှစ်တွင် Mr.Lancigo အငြိမ်းစားယူသွားသောအခါ ပေါ်တူဂီလူမျိုး အန်ထော်နီကာမရတ်တာဆိုသူ အကောက်ဝန်ဖြစ်လာခဲ့ပါသည်။

သာယာဝတီမင်းလက်ထက် တတိယအကြိမ် တည်ဆောက်ခဲ့သော အကောက်တော်ရုံး

(ဃ)သာယာဝတီမင်းလက်ထက်(၁၈၃၇-၁၈၄၆)ခုနှစ်တွင် အကောက်ရုံးကို လမ်းမတော်သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။ ၁၈၅၂ အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲဖြစ်ပွားပြီးနောက် ရေတပ်တိုက်သင်္ဘောမှူး ကိုမန်ဒိုလင်းဘက်(Commodore Lambert)က ရန်ကုန်မြို့ကို အပြီးအပိုင်သိမ်းပိုက်ခဲ့ပြီး၊ အင်္ဂလိပ်-နီဂရိုးကပြား ရောဘတ်ဆင်မြူရယ် အက်ဒဝပ်(Mr.Robert Samuel Edward)ကို အကောက်ဝန်အဖြစ် ခန့်အပ်ခဲ့ပါသည်။ ထို့နောက် ရန်ကုန်ဆိပ်ကမ်းကို အဆင့်တိုးမြှင့်၍ အပြည်ပြည်ဆိုင်ရာ အကောက်ခွန်နည်းစနစ်များအတိုင်း ကျင့်သုံး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကြေညာပြီး အောက်ပါအချက် သုံးချက်ပါဝင်သော အမိန့်စာတစ်စောင် ထုတ်ပြန်ခဲ့ပါသည်-

    1. (၁) ပင်လယ်သွား ရေယာဉ်အဝင်အထွက်ကို အကောက်ခွန် ကြီးကြပ်မှု ဖြင့် နေထွက်နေဝင်အချိန် အတွင်းသာ စာရွက်စာတမ်းများ တင်ပြ အစစ်ဆေး ခံရမည်။
    2. (၂) လက်နက်ခဲယမ်းနှင့် အရက်သေစာများ မြန်မာနိုင်ငံအတွင်း တင်သွင်းခွင့် မပြုရ။
    3. (၃) မြန်မာနိုင်ငံ၏ အဖိုးတန် ရတနာများဖြစ်သော ကျွန်းသစ်နှင့် ဆန်စပါး တို့ကို ခွင့်ပြုချက်မရရှိဘဲ ပြည်ပသို့ တင်ပို့ရောင်းချခြင်း မပြုရ။
စတုတ္ထအကြိမ် တည်ဆောက်ခဲ့သော အကောက်တော်ရုံး

(င)၁၈၅၂ ခုနှစ်တွင် အင်္ဂလိပ်ဘုရင်ခံ လော့ဒါလဟိုဇီသည် ရခိုင်ဒေသတွင် တိုင်းမင်းကြီးအဖြစ် တာဝန်ထမ်းဆောင်နေသော Sir. Arthur Phayre ဆိုသူကို ရာထူးတိုးပေးပြီး ရန်ကုန်မြို့သို့ ခေါ်ယူကာ The Chief Commissioner of British Burma အဖြစ် ခန့်အပ်ခဲ့ပါသည်။ ရခိုင်၊ တနင်္သာရီ၊ ဧရာဝတီတိုင်း (၄)ဌာန အုပ်ချုပ်ခွင့်ရရှိခဲ့သဖြင့် မြန်မာတို့က(၄)နိုင်ငံ ဝန်ရှင်တော်မင်းကြီးဟု ခေါ်ဝေါ်ခဲ့ကြပါသည်။ Sir. Arthur Phayreစတင် တာဝန်ယူပြီးနောက် ရန်ကုန်မြို့၏ အကောက်ခွန်လုပ်ငန်းသည် ကာလကတ္တား အကောက်ခွန် လုပ်ထုံးလုပ်နည်းများအတိုင်း ဖြစ်ရမည်ဟု အမိန့်ထုတ်ပြန်ခဲ့ပါသည်။ ရန်ကုန် ဆိပ်ကမ်းကိုလည်း ဘားလမ်းထိပ်သို့ ပြန်လည်ပြောင်းရွှေ့ခဲ့ပြီး ၁၈၅၃ ခုနှစ်တွင် ယခုအကောက်ခွန် ရုံးသစ်ကြီးရှိရာနေရာတွင် သစ်သားဖြင့် တစ်ထပ်အကောက်ခွန်ရုံးသစ်ကို ဆောက်လုပ်ခဲ့ပါသည်။

ပဉ္စမအကြိမ် တည်ဆောက်ခဲ့သော အကောက်တော်ရုံး

(စ)၁၈၆၇ခုနှစ်တွင် Sir. Albert Fytchဆိုသူ အကောက်ဝန်ဖြစ်လာပြီးနောက် ရန်ကုန်ဆိပ်ကမ်းရှိ သစ်သားဆိပ်ခံတံတားနှင့် ဂိုဒေါင်တို့ မီးလောင်ပျက်စီးခဲ့ရာ ရုံးအသစ်ဆောက်လုပ်ရန် ဖြစ်လာခဲ့ပါသည်။ ထို့ကြောင့် ၁၈၆၉ ခုနှစ်တွင် ယခု PHS နှင့် Sule 7 Warf နေရာကြားတွင် သံတိုင်စိုက် အုတ်ကြမ်းခင်းတံတားအသစ်ဆောက်လုပ်ပြီး ၁၅နှစ် သက်တမ်းရှိ အကောက်ရုံးကြီးသည်လည်း လုပ်ငန်းပမာဏများပြားလာမှုနှင့် လိုက်လျောညီထွေမဖြစ်တော့၍ မူလရုံးကိုဖျက်ပြီး သစ်သားဖြင့် (၂)ထပ်အဆောက်အဦ ပြန်လည်ဆောက်လုပ်ခဲ့ပါသည်။

လက်ရှိအကောက်ခွန်ဦးစီးဌာနရုံးသစ်ကြီး ပေါ်ပေါက်လာခြင်းနှင့် အဆင့်ဆင့်အသုံးပြုပုံ

(ဆ)၁၈၈၆ခုနှစ်တွင် မြန်မာနိုင်ငံသည် အင်္ဂလိပ်ကိုလိုနီဖြစ်ကြောင်းကြေညာခဲ့ပြီး နောက်မြန်မာနိုင်ငံနှင့် ကုန်သွယ်လာသော ကုမ္ပဏီများ၊ သင်္ဘောလိုင်းများ တိုးတက်များပြားလာခဲ့ပါသည်။ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်ကာ ပြည်ပသို့ဆန်တင်ပို့မှု အထူးများပြားလာခဲ့ပါသည်။ ထို့ကြောင့် ၂၀ ရာစု အစပိုင်းသို့ ရောက်ရှိလာသောအခါ အကောက်ခွန်လုပ်ငန်းများ တိုးတက်များပြားလာသဖြင့် လုပ်ငန်းပမာဏနှင့် ဝန်ထမ်းအင်အား မမျှမတဖြစ်လာခြင်းကြောင့် လက်ရှိအကောက်ခွန်ရုံးဟောင်းကြီးနှင့် မသင့်တော်တော့၍ ရုံးဟောင်းကိုဖျက်ပြီး အကောက်ဝန်(Mr. CI. Nicholson) လက်ထက် ယခုရုံး အဆောက်အဦကို ၁၉၁၅ခုနှစ် ကုန်ပိုင်းတွင် ဆောက်လုပ်ပြီးစီးခဲ့ပါသည်။

(ဇ)အကောက်ရုံးသစ်ကြီး တည်ဆောက်ပြီးနောက်ပိုင်း ၁၉၃၇ ခုနှစ်အထိ မြန်မာပြည်သည် အိန္ဒိယပြည်၏ ပြည်နယ်အဖြစ်တည်ရှိခဲ့ပါသည်။ ပြည်နယ်ဆိုင်ရာ သဘောတူစာချုပ်စနစ်ကို စတင်အကောင်အထည် မဖော်မီကာလအတွင်း ဗြိတိသျှအစိုးရက ဗဟိုချုပ်ကိုင်မှု အလွန်များပြားသည့် ဘဏ္ဍာရေးစနစ်ကို ကျင့်သုံးခဲ့ပါသည်။ ဤစနစ်အောက်တွင် ပြည်နယ်အစိုးရများသည် မိမိတို့ ဘဏ္ဍာရေးကိစ္စများကို ကြီးကြပ်အုပ်ချုပ်နိုင်သည့် အာဏာအနည်းငယ်မျှသာ ရရှိခဲ့ကြပါသည်။ ပြည်နယ်အစိုးရများ၏ ရငွေနှင့် အသုံးစရိတ်များကို ဗဟိုအစိုးရက တိုက်ရိုက် ချုပ်ကိုင်ခဲ့ကြပါသည်။ ဗဟိုအစိုးရ၏ ခွင့်ပြုချက် အမိန့်မရရှိဘဲ ပြည်နယ်အစိုးရများက ငွေကြေးသုံးစွဲခွင့်မရှိပါ။ ပြည်နယ်များမှ ရသည့်ငွေသည် အင်ပါယာ ငွေတိုက်ထဲသို့ ရောက်သွား ပါသည်။ ပြည်နယ်ဆိုင်ရာသာမန်အသုံးစရိတ်များအတွက် ဗဟိုအစိုးရ၏ ခွဲဝေပေးမှုအပေါ် မှီခိုနေရပါသည်။ မြန်မာပြည်သည်လည်း ၁၉၃၇ ခုနှစ်အထိ ပြည်နယ်တစ်နယ် ဖြစ်ခဲ့သည် နှင့်အညီ ဂျော့ဘုရင်မင်းမြတ်အတွက် အကောက်တော်ခွန်ငွေများကို ကောက်ခံ ပေးခဲ့ရပြီး၊ အကောက်ဌာနသည်လည်း ဂျော့ဘုရင်၏ အကောက်ဌာန ဖြစ်ခဲ့ရပါသည်။ ၁၉၂၃ တွင် ဘုရင်ခံ အုပ်ချုပ်သော ဒိုင်အာခီ အုပ်ချုပ်ရေးကို ထပ်ဆင့်တိုးမြှင့် အုပ်ချုပ်ခဲ့ပါသည်။ ဘုရင်ခံ၏ လက်အောက်တွင် အဖွဲ့ဝင် ၁၀၃ ဦး ပါဝင်သော ဥပဒေပြုကောင်စီနှင့် ဝန်ကြီး ၄ ဦးပါဝင်သော အုပ်ချုပ်မှုကောင်စီ ရှိလာပါသည်။ ဘုရင်ခံ ဆာဟာကုတ်ဘတ္တလာ၏ အုပ်ချုပ်ရေးဌာန ၁၀၂ ဌာနတွင် အိန္ဒိယနိုင်ငံ ဗဟိုအစိုးရက ၄၇ ဌာနကို ကိုင်တွယ်၍ ဝန်ကြီးနှစ်ဦးက ၂၂ ဌာနကို တာဝန်ခံပြီး ကျန် ၃၃ ဌာနကို ဘုရင်ခံက တိုက်ရိုက်အုပ်ချုပ်ခဲ့ပါသည်။ ဝန်ကြီးနှစ်ဦးမှာလည်း ဘုရင်ခံကခန့်သော ဝန်ကြီးများဖြစ်ပြီး ဘဏ္ဍာရေးနှင့် ပြည်ထဲရေးကို ကိုင်တွယ်ခဲ့ကြပါသည်။ ဘဏ္ဍာရေးအောက်မှ အကောက်ဌာနကို ဘုရင်ခံက တိုက်ရိုက်အုပ်ချုပ်ခဲ့ပါသည်။

(ဈ)၁၉၃၅ခုနှစ် မြန်မာနိုင်ငံအက်ဥပဒေအရ မြန်မာနိုင်ငံသည် အိန္ဒိယမှ ခွဲထွက်ရန်ဖြစ်လာပါသည်။ မြန်မာနိုင်ငံအနေဖြင့် ဗြိတိသျှတို့၏ အုပ်ချုပ်မှုပုံစံများ မည်သို့ပြောင်းလဲ၍ အမည်နာမတပ် အုပ်ချုပ်စေကာမူအနှစ်သာရအားဖြင့် ပြောင်းလဲမှုမရှိဘဲ ဘုရင်ခံလက်တွင်း၌သာ အချုပ်အခြာအာဏာရှိပြီး အကောက်ဌာနကိုလည်း ဘုရင်ခံကိုယ်တိုင် ကိုင်တွယ်အုပ်ချုပ်သည့် ဝန်ကြီး လက်အောက်တွင်ထားရှိခဲ့ပါသည်။ ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံအက်ဥပဒေဖြင့် အကောက်ဌာနအုပ်ချုပ်ရေးကို ဗဟိုအခွန်ဘုတ်အဖွဲ့ Centdal Board of Revenue မှ ၁၉၃၇ ခုနှစ် ဧပြီလ ၁ ရက်မှစ၍ မြန်မာနိုင်ငံအစိုးရသို့ လွှဲပြောင်းပေးခဲ့ပါသည်။ အကောက်တော်ချုပ် အာဏာပိုင်(Chief Customs Authority)က ကြီးကြပ်ခဲ့ပါသည်။ အကောက်ဝန် (Collector of Customs)က အကောက်ဝန်ထောက် သုံးဦးနှင့် တာဝန်ယူအုပ်ချုပ်ခဲ့ပါသည်။ ယင်းအကောက်ဝန်ထောက် သုံးဦးတွင် တစ်ဦးမှာ အင်ပါယာပဋိညာဉ်ခံ အကောက်တော်ဝန်ထမ်း (Imperial Customs Service)ဖြစ်ပြီး ကျန်နှစ်ဦးမှာ မြန်မာနိုင်ငံပဋိညာဉ်ခံ အကောက်တော်ဝန်ထမ်း (Burma Customs Service)များ ဖြစ်ကြပါသည်။ အကောက်ဝန်၊ လက်ထောက် အကောက်ဝန်အစရှိသော အထက်ပိုင်းရာထူးများတွင် ဗြိတိသျှလူမျိုးများကိုသာ ခန့်အပ်ခဲ့ကြပါသည်။ ၁၉၄၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၀ ရက်တွင် အကောက်ခွန်ကာကွယ်ရေးအရာရှိ (Preventive Officer (P.O))တို့၏ တူညီဝတ်စုံကို ပြောင်းလဲပြီး Burma Customs ဟူ၍ သီးခြားခေါ်ဝေါ် ဖြစ်ပေါ်စေခဲ့ပါသည်။ ၉၁ဌာန အုပ်ချုပ်ရေးကြောင့် မြန်မာလူမျိုးများ နေရာရလာခဲ့ကြပါသည်။

ဂျပန်ခေတ်နှင့် မြန်မာ့အကောက်ခွန်ဌာန

(ည)ဒုတိယကမ္ဘာစစ်ကြီး မြန်မာနိုင်ငံသို့ ကူးစက်လာခဲ့ပြီး ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာ၂၃ ရက်တွင် ရန်ကုန်မြို့ပေါ်သို့ ပထမဦးဆုံးဗုံးများ ကြဲချခံရပါသည်။ ဒုတိယအကြိမ် ခရစ်စမတ် ပွဲတော် လက်ဆောင်အဖြစ် ဒီဇင်ဘာ ၂၅ ရက်တွင် ဂျပန်တို့က ဗုံးကြဲချပြန်ပါသည်။ ထို့အချိန်အထိ အကောက်ခွန်ကာကွယ်ရေးအရာရှိ (PO)တို့သည် အကောက်ရုံးကြီး အမိုးပေါ်ရှိ မျှော်စင်ကြီးမှ လေးကြောင်းရန်သတိပေးရသည့် တာဝန်ကိုထမ်းဆောင်ခဲ့ရပါသည်။ ၁၉၄၂ ဖေဖော်ဝါရီ ၂၈ ရက် နောက်ဆုံးထား၍ ရန်ကုန်မြို့နေ ပြည်သူလူထုကို ထွက်ခွင့်ပေးရန် ဗြိတိသျှအစိုးရက ကြေငြာလိုက်သောအခါမှ အကောက်ခွန်ကာကွယ်ရေးအရာရှိများသည် ရန်ကုန်အကောက်ခွန် ရုံးကြီးကို စွန့်ခွာ၍ စစ်ပြေးဘဝရောက်ခဲ့ကြပါသည်။ ထို့နောက် နှစ်ပေါင်း ၁၀၀ ကျော်အုပ်ချုပ်ခဲ့ပြီး နယ်ချဲ့လက်တွင်းရှိ ရန်ကုန်မြို့ကို ဗမာ့လွတ်လပ်ရေး တပ်မတော်က ၁၉၄၂ခုနှစ်၊ မတ်လ၈ရက်တွင် သိမ်းပိုက်ခဲ့ပါသည်။ ယခင်အကောက်ခွန်ဆိပ်ကမ်းများဖြစ်သော ဆူးလေတံတား၊ ပန်းဆိုးတန်းတံတား၊ ဘရွက်ကင်းတံတားနှင့် အရှေ့ဘက်ပိုင်းတို့ကို ဂျပန်စစ်သားများက သိမ်းပိုက်ထားပါသည်။ ဆိပ်ကမ်းများသို့ ဆိုက်ကပ်လာသော ပင်လယ်ကူးသင်္ဘောကြီးများဖြင့် တင်သွင်းလာသည့် ကုန်ပစ္စည်းများနှင့် တင်ပို့မည့်ပစ္စည်းများကို ဂျပန်စစ်သားများကိုယ်တိုင် ကြီးကြပ်ကွပ်ကဲခဲ့ပါသည်။

(ဋ)ဂျပန်က လွတ်လပ်ရေးပေးပြီး ၁၉၄၃ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့တွင် ဒေါက်တာ ဘမော်၏ မဟာဗမာအစိုးရအဖွဲ့ ပေါ်ပေါက်လာသောအခါ အကောက်ဌာန ကိုလည်း အမည်ခံအဖြစ် ဖွဲ့စည်းပေးခဲ့ပါသည်။ အကောက်တော်ဝန်အဖြစ် ဗြိတိသျှခေတ်က ရာဖြတ်ဖြစ်ခဲ့သူ ဦးကိုကိုကြီး ဦးဆောင်လျက် အကောက်တော် ဌာနချုပ်ရုံးကို ရွှေတောင်ကြားလမ်းမှ အဆောက်အဦ တစ်ခုတွင် ဖွင့်လှစ်ခဲ့ ပါသည်။ မဟာဗမာ အကောက်တော် ပိုင်ဆိုင်သည့် ရန်ကုန် ဆိပ်ကမ်းမှ လမ်းမတော်နှင့် ကြည့်မြင်တိုင် ဆိပ်ကမ်းနှစ်ခုသာ ရှိခဲ့ပါသည်။ လမ်းမတော် ဆိပ်ကမ်းတွင် တရုတ်လူမျိုးများနှင့် ဂျပန်ကုန်သည်တို့ ကျက်စားပြီး၊ ကြည့်မြင်တိုင် ဆိပ်ကမ်းတွင် မြန်မာကုန်သည်တို့ကျက်စားခဲ့ပါသည်။ ကြည့်မြင်တိုင် ဆိပ်ကမ်းအတွက် အကောက်ရုံးကို ဗားကရာလမ်းရှိ ဘကြီးဘဘေ ဆောက်လုပ် လှူဒါန်းခဲ့သော ဆေးရုံးတွင် ဖွင့်လှစ်ခဲ့ပါသည်။ ဂျပန်ခေတ် အကောက်တော်ဌာနသည် အခွန်ဝန်ကြီးဌာနအောက်တွင် ရှိခဲ့ပါသည်။ ကြည့်မြင်တိုင် ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော ကတ္တူလှေများပေါ်ရှိ ပစ္စည်း များကိုသာ သွင်းကုန်စာရင်းနှင့် ကြည့်ရူစစ်ဆေးပြီး အကောက်ခွန်စည်းကြပ် ခဲ့ရပါသည်။ ဗားကရာလမ်း အကောက်ရုံးသည် ထိုလုပ်ငန်းများအတွက် ဆိပ်ကမ်းရုံးဖြစ်ခဲ့ပြီး အမိန့်ကြော်ငြာစာများ၊ ခွင့်ပြုမိန့်များကို ရွှေတောင် ကြားလမ်းရုံးချုပ်မှ ရယူဆောင်ရွက်ခဲ့ရပါသည်။ ထိုအချိန်က ကမ်းနားလမ်းရှိ လေးထပ်အကောက်ရုံးကြီးမှာ ဂျပန်ခေတ်အတွင်း ဂျပန်တို့၏ စစ်ဆေးရုံအဖြစ်လည်းကောင်း၊ ဂျပန်ကင်ပေတိုင်တို့၏ ရုံးအဖြစ်လည်းကောင်း အသုံးပြုခဲ့ကြကြောင်းသိရှိရပါသည်။

(ဌ)၁၉၄၅ ခုနှစ် မေလ ၁ ရက်တွင် ရန်ကုန်မြို့ကို ဗမာ့တပ်မတော်က သိမ်းပိုက် ကြောင်း ကြေညာခဲ့ပြီး ဗြိတိသျှများ ပြန်ဝင်လာသောအခါ လောလောဆယ် အားဖြင့် CAS.B Civil Affair Service (Burma)ခေါ် အိန္ဒိယစစ်ဌာနချုပ် လက်အောက်ခံ မြန်မာနိုင်ငံဆိုင်ရာ မြို့ပြအုပ်ချုပ်ရေးအဖွဲ့က မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့ပါသည်။ ထိုစဉ်က အကောက်တော်ရုံးကြီးမှာ ကုလားကူလီ အလုပ်သမားများစခန်းချရာ အဆောက်အအုံကြီး ဖြစ်နေသည့်အတွက် အကောက်တော်ဌာနကို ကမ်းနားလမ်း ရေဝန်ရုံးကြီး၏ ပထမထပ်တွင် ခေတ္တယာယီ အခြေစိုက်ကာ ဝန်ထမ်းဟောင်းများကို ပြန်လည်စုစည်း ခဲ့ရပါသည်။ ကက်စဘီ အုပ်ချုပ်ရေးမှ ၁၉၄၅ ခုနှစ်၊ အောက်တိုဘာ ၁၆ ရက်တွင် ဘုရင်ခံ ဒေါ်မန်စမစ်က လွှဲပြောင်းလက်ခံရယူ ခဲ့သော်လည်း ၁၉၄၆ ခုနှစ် ဇန်နဝါရီ ၁ ရက်ကျမှ အုပ်ချုပ်ရေး ရုပ်သိမ်းသည့်အမိန့် ထွက်လာခဲ့သောကြောင့် အကောက်တော်ဌာနကို ၁၉၄၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် တရားဝင် ဖွင့်လှစ်နိုင်ခဲ့ပါသည်။

ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ အကောက်ခွန်ဌာန

(ဍ)၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖြစ်လာခဲ့ပါသည်။ ဘုရင့်အကောက်တော် Customsသည်လည်း မြန်မာ့ အကောက်တော်ဌာန ဖြစ်လာခဲ့ပါသည်။ ၁၉၅၇ ခုနှစ်တွင် အကောက်တော်ဝန်မှ အကောက်တော်မင်းကြီးဟု ရာထူးအခေါ်အဝေါ် ပြောင်းလဲကာ လက်ထောက်အကောက်တော်ဌာနကြီးကို အုပ်ချုပ်ခဲ့ပါသည်။

အိမ်စောင့်အစိုးရလက်ထက်အကောက်တော်ဌာန

(ဎ)အိမ်စောင့်အစိုးရ လက်ထက်တွင် အကောက်တော်မင်းကြီးနှင့် တွဲဖက်အုပ်ချုပ် နိုင်ရန် တပ်မတော်မှ အထူးအရာရှိအဖြစ် ဒုတိယဗိုလ်မှူးကြီးတစ်ဦး ရောက်ရှိ လာပါသည်။ အကောက်ခွန်ဝန်ထမ်းအင်အားများကိုလည်း တိုးချဲ့ခန့်ထားနိုင်ခဲ့ပြီး ဒုတိယလက်ထောက် အကောက်တော်မင်းကြီးဟူ၍ ရာထူးသစ်များ တီထွင်ခန့်ထားပေးခဲ့ပါသည်။

တော်လှန်ရေးကောင်စီလက်ထက်နှင့် ယင်းကာလနောက်ပိုင်း အကောက်ခွန်ဌာနများ

(ဏ)မြန်မာနိုင်ငံ၏ ချို့ယွင်းလာသော အခြေအနေကိုထိန်းသိမ်းရန် မြန်မာ့တပ်မတော်က တာဝန်ယူခဲ့သော တော်လှန်ရေးကောင်စီခေတ်တွင် “အကောက်တော်ဌာန”သည် “အကောက်ခွန်ဌာန”ဟူ၍ဖြစ်လာခဲ့ပါသည်။ ယင်းအကောက်ခွန်ဌာနကို ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်တွင် ထားရှိခဲ့ ပါသည်။ ပြည်ထောင်စုမြန်မာနိုင်ငံ၊ တော်လှန်ရေးကောင်စီ လက်ထက် ၁၉၇၂ ခုနှစ်၊ အောက်တိုဘာ ၅ ရက်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ စာအမှတ်၊ စဘ-၂/၃/၂၄ (၅၇/၇၂)ဖြင့် အကောက်ခွန်ဌာနကို ပြင်ဆင်ဖွဲ့စည်းပြီး အကောက်တော်မင်းကြီး အခေါ်အဝေါ်မှ ဦးဆောင်ညွှန်ကြားရေးမှူးဟူ၍ ပြောင်းလဲခေါ်ဝေါ်ခဲ့ပါသည်။ ထိုမှ တဖန် ၁၉၇၃ ခုနှစ်၊ ဧပြီလ ၁၁ ရက်စွဲပါ ကြေငြာချက်အမှတ်(၂၆)ဖြင့် ဦးဆောင်ညွှန်ကြားရေးမှူးအစား ညွှန်ကြားရေးမှူးချုပ်ဟု ပြင်ဆင်ခေါ်ဝေါ်ခဲ့ပါသည်။

(တ)အကောက်ခွန် ဝန်ထမ်းများသည် ဌာနအကြီးအကဲ ညွှန်ကြားရေးမှူးချုပ်အဆက်ဆက်၏ အနီးကပ်ကြီးကြပ်မှုကို ခံယူ၍ ကျရာတာဝန်များကို တစ်နှစ်ထက်တစ်နှစ် တိုးတက်ရှာဖွေပေးနိုင်ခဲ့ပါသည်။

(ထ)ဖွဲ့စည်းပုံအဆင့်ဆင့်ပြောင်းလဲလာမှု
(၁) ၁၉၆၂ ခုနှစ် မတိုင်မီကာလအပိုင်းအခြား
၁၉၄၁ ခုနှစ်တွင် (၈၅၈)ဦး၊ ၁၉၄၆ ခုနှစ်တွင် (၇၆၁)ဦး၊ ၁၉၅၉ ခုနှစ်တွင် (၁၄၇၇)ဦးဖြင့် ဖွဲ့စည်းခဲ့ပါသည်။
(၂) ၁၉၆၂-၁၉၇၂ ခုနှစ် ကာလအပိုင်းအခြား
၁၉၇၂ ခုနှစ်တွင် (၁၄၃၃)ဦးဖြင့် ဖွဲ့စည်းခဲ့ပါသည်။ အိမ်စောင့်အစိုးရ လက်ထက် (၁၉၅၈ ခုနှစ် နိုဝင်ဘာလမှ ၁၉၅၉ ခုနှစ် ဇူလိုင်လအထိ)တွင် ကြီးကြပ်မှု အပိုင်းတွင် ပြန်တမ်းဝင်အရာထမ်း (၉)ဦးမှ (၂၅)ဦးအထိ စေတီပုံစနစ်ဖြင့် ဝန်ထမ်းအင်အား မတိုးချဲ့ဘဲ ဖွဲ့စည်းခဲ့သည်မှအပ ဝန်ထမ်းအင်အားမတိုးချဲ့ခဲ့ပါ။
(၃) ၁၉၇၂-၁၉၉၃ခုနှစ် ကာလအပိုင်းအခြား
သို့သော် နောက်ပိုင်းတွင် ကြီးထွားလာသော မှောင်ခိုတားဆီး ကာကွယ်ရေး၊ ဆိုရှယ်လစ် စနစ်ကို အထောက်အကူပြုရေးစသော အကြောင်းများကြောင့် ကာကွယ်ရေးအရာထမ်းအင်အား (၁၀၀)ဦးကို ၁၉၇၇ ခုနှစ်တွင် ဖြည့်စွက် ခန့်ထားရန် ခွင့်ပြုခဲ့ရာ ဝန်ထမ်းအင်အားမှာ (၁၅၃၃)ဦး ဖြစ်ပါသည်။ ၁၉၈၂ခုနှစ်တွင် ဝန်ထမ်းအင်အား (၂၁၆၀)ဦးဖြင့် အသီးသီးပြင်ဆင် ဖွဲ့စည်းသည်ကို လေ့လာတွေ့ရှိ ရပါသည်။ ၁၉၈၆ ခုနှစ်တွင် အင်အား မလုံလောက်၍ ယာယီစီမံချက်ဖြင့် (၄၉)ဦး တိုးမြှင့်ခဲ့၍ စုစုပေါင်း(၂၂၀၉)ဦး ဖြစ်လာသည်။ ၁၉၉၂ခုနှစ်တွင် နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေးကိစ္စရပ်အတွက် ဝန်ထမ်း(၁၆၄)ဦး အပါအဝင် ထပ်မံတိုးချဲ့ ဖွဲ့စည်းခဲ့သောကြောင့် ဖွဲ့စည်းပုံအင်အားအနေဖြင့် အရာထမ်း(၁၉၆)ဦး၊ အမှုထမ်း(၂၁၉၁)ဦး၊ စုစုပေါင်း (၂၃၈၇)ဦးဖြင့် ဖွဲ့စည်းထားပါသည်။
(၄) ၁၉၉၃-၂၀၁၅ ခုနှစ် ကာလအပိုင်းအခြား
၂၀၁၅ ခုနှစ်တွင် ထပ်မံတိုးချဲ့ ဖွဲ့စည်းခဲ့ရာ ယခုလက်ရှိ အကောက်ခွန် ဦးစီးဌာန၏ ဖွဲ့စည်းပုံ အင်အားအနေဖြင့် အရာထမ်း(၃၄၉)ဦး၊ အမှုထမ်း(၂၈၂၂)ဦး၊ စုစုပေါင်း (၃၁၇၁) ဦးဖြင့် ဖွဲ့စည်း ထားပါသည်။
(၅) ၂၀၁၆ခုနှစ်-ယနေ့အထိ ကာလအပိုင်းအခြား
၂၀၁၆ ခုနှစ်တွင် ထပ်မံတိုးချဲ့ ဖွဲ့စည်းခဲ့ရာ ယခုလက်ရှိ အကောက်ခွန်ဦးစီးဌာန၏ ဖွဲ့စည်းပုံ အင်အားအနေဖြင့် အရာထမ်း(၈၆၆)ဦး၊ အမှုထမ်း(၄၃၃၄)ဦး၊ စုစုပေါင်း (၅၂၀၀)ဦးဖြင့် ဖွဲ့စည်းထားရှိရန် တင်ပြထားဆဲဖြစ်ပါသည်။
ဝန်ထမ်းအင်အားဖွဲ့စည်းပုံ
စဉ် ရာထူးအဆင့် ဦးရေ
ညွှန်ကြားရေးမှူးချုပ်
ဒုတိယညွှန်ကြားရေးမှူးချုပ်
ဦးစီးအရာရှိမှ ညွှန်ကြားရေးမှူးအဆင့်ထိ ၃၄၆
ဒု-အကောက်ခွန်မှူးမှ အကောက်ခွန်မှူးအဆင့်ထိ ၁၁၄၂
စာရေးဝန်ထမ်း ၆၂၅
ကာကွယ်ရေးအမှုထမ်း ၁၀၅၅
စုစုပေါင်း ၃၁၇၁
အကောက်ခွန်ဦးစီးဌာနကို အောက်ပါအတိုင်းဖွဲ့စည်းထားပါသည်-
    1. (က) ရုံးချုပ်
    2. (ခ) ပြည်နယ်/တိုင်း အကောက်ခွန်ဦးစီးဌာနမှူးရုံး(၁၄)ရုံးနှင့် နေပြည်တော်ကောင်စီ (၁) ရုံး
    3. (ဂ) မြို့နယ်အကောက်ခွန်ဦးစီးဌာနမှူးရုံး (၂၆)ရုံး
    4. (ဃ) SEZ (၃) ရုံး
အကောက်ခွန်ဦးစီးဌာန၏ ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်များ

(က) အကောက်ခွန်ဦးစီးဌာန၏ ရည်မှန်းချက်တာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

    1. (၁) နိုင်ငံတော်အတွင်းသို့ တင်သွင်းလာသော ပစ္စည်းများ၊ နိုင်ငံတော် ပြင်ပသို့ ထုတ်ဆောင်တင်ပို့သော ပစ္စည်းများနှင့် စပ်လျဉ်း၍ သတ်မှတ်ပြဌာန်း ထားသော ဥပဒေများနှင့်အညီ အခွန်အကောက်များ စည်းကြပ် ကောက်ခံခြင်း။
    2. (၂) တင်သွင်းမှု/တင်ပို့မှုများသည် တည်ဆဲဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းနှင့် ညီညွတ်မှု ရှိ/မရှိ စိစစ်ကြပ်မတ်ခြင်း၊ စုံစမ်းဖော်ထုတ် တားဆီးခြင်း၊ အရေးယူခြင်း။
    3. (၃) တင်သွင်း တင်ပို့ခြင်းဆိုင်ရာ ကုန်သွယ်မှု ကိန်းဂဏန်းများ၊ စာရင်းအင်း များ ပြုစုခြင်း။
    4. (၄) အပြည်ပြည်ဆိုင်ရာ အကောက်ခွန် လုပ်ငန်းများနှင့် ညီညွတ်စေရန် အကောက်ခွန် လုပ်ထုံးလုပ်နည်းများ ခေတ်မီစေရေး ဆောင်ရွက်ခြင်း။
    5. (၅) ဥပဒေစိုးမိုးရေး ဆောင်ရွက်နေသော အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ခြင်း။
    6. (၆) ကုန်သွယ်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးမှုအတွက် အထောက်အကူဖြစ်စေခြင်း။

(ခ)အထက်ပါရည်မှန်းချက်များအပြင် အကောက်ခွန်ဦးစီးဌာနသည် အောက်ပါလုပ်ငန်းတာဝန်များကို နိုင်ငံတော်အကျိုးစီးပွား

အလို့ငှာယှဉ်တွဲ၍ ထမ်းဆောင်လျှက်ရှိပါသည်-

    1. (၁) ကုန်သွယ်လုပ်ငန်းခွန်နှင့် အထူးကုန်စည်ခွန်များကို သက်ဆိုင်ရာဌာနများအတွက် ကောက်ခံပေးခြင်း
    2. (၂) ပင်လယ်ကြောင်း အကောက်ခွန် အက်ဥပဒေနှင့်တည်ဆဲ ဆက်စပ်ဥပဒေများပါ ပြဌာန်းသတ်မှတ်ချက်တို့ကို ချိုးဖောက်တိမ်းရှောင်ခြင်းများကို စုံစမ်းစစ်ဆေးအရေးယူမှုများ ဆောင်ရွက်ခြင်း
    3. (၃) ကမ်းရိုးတမ်းသွား ရေယာဉ်များနှင့် လေယာဉ်ဝင်/ထွက်ခြင်းဆိုင်ရာ ကိစ္စများတွင် ပင်လယ်အကောက်ခွန် အက်ဥပဒေပါ ပြဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်စေခြင်း လိုက်နာမှုရှိမရှိ စစ်ဆေး၍ လိုက်နာမှုမရှိပါက ဥပဒေနှင့်အညီ အရေးယူခြင်း
    4. (၄) မြန်မာနိုင်ငံသို့ အဝင်ခရီးသည်များနှင့် ပြည်ပသို့အထွက် ခရီးသည်များ၏ ဝန်စည်ပစ္စည်းများကို ရှာဖွေစစ်ဆေးခြင်း
    5. (၅) ပြည်ဝင်ပြည်ထွက် ခရီးသည်များသည် ရွှေငွေကျောက်မျက် ရတနာများ နှင့် ပတ်သက်၍ နိုင်ငံခြားငွေလွှဲမှု ကြီးကြပ်ရေး အက်ဥပဒေပါ ပြဌာန်းချက်များနှင့် အညီ လိုက်နာဆောင်ရွက်မှု ရှိ/မရှိ စစ်ဆေး၍ လိုက်နာမှု မရှိပါက အရေးယူခြင်း
    6. (၆) မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းရန်အတွက် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံ များကို ပျက်ပြားစေမည့် ပစ္စည်းများ၊ စာရွက်စာတမ်းများကို ရှာဖွေ စစ်ဆေး တားမြစ်ခြင်း
    7. (၇) မြန်မာ့ရှေးဟောင်း သမိုင်းအထောက်အထား အမွေအနှစ်များကို ပြည်ပသို့ ထုတ်ယူသွားခြင်းများကို ကာကွယ်စောင့်ရှောက်ခြင်း
    8. (၈) မြန်မာနိုင်ငံ၏ အမျိုးသားစီးပွားရေး လုပ်ငန်းများကို ပျက်စီးစေမည့် အဟန့် အတား ဖြစ်စေမည့် သွင်းကုန်၊ ပို့ကုန်များကို စီစစ်ကာကွယ် စောင့်ရှောက်ခြင်း
    9. (၉) နိုင်ငံတော်လုံခြုံမှုကို ထိခိုက်ပျက်ပြားစေမည့် ပစ္စည်းများ ဝင်ရောက် လာမှုနှင့် ထုတ်ယူသွားမှုတို့ကို စစ်ဆေးတားမြစ်ခြင်း
    10. (၁၀) နိုင်ငံတော်၏ ကုန်သွယ်မှုတစ်ရပ်လုံးကို တိုးတက်ဖွံ့ဖြိုးစေရေး အတွက် အထောက်အပံ့ပြုခြင်းနှင့် အဟန့်အတားဖြစ်မည့် ကိစ္စရပ်များကို ကာကွယ် တားဆီးခြင်း။
အကောက်ခွန်ဦးစီးဌာန၏ ဆောင်ပုဒ်

ဦးစီးဌာန၏ဆောင်ပုဒ်မှာ ''Honesty is the Best Policy'' ဖြစ်ပါသည်။

အကောက်ခွန်ဦးစီးဌာနမှ ကျင့်သုံးလျက်ရှိသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် ညွှန်ကြားချက်များ

နိုင်ငံတော်အတွက် အခွန်အရပ်ရပ် စည်းကြပ်ကောက်ခံရာတွင် အကောက်ခွန်ဦးစီးဌာနအနေဖြင့် အဓိကကျင့်သုံးနေသော ဥပဒေ(၃)ရပ် ရှိပါသည်။ ယင်းတို့မှာ-

    1. (က) ၁၈၇၈ ခုနှစ် ပင်လယ်ကြောင်းအကောက်ခွန် အက်ဥပဒေ
      (The Sea Customs Act, 1878)
    2. (ခ) ၁၉၂၄ ခုနှစ် ကုန်းလမ်းအကောက်ခွန် အက်ဥပဒေ
      (The Land Customs Act, 1924)
    3. (ဂ) ၁၉၉၂ ခုနှစ် အကောက်ခွန်နှုန်းဥပဒေ
      (The Tariff Law, 1992)
နေပြည်တော်ကောင်စီ၊ အကောက်ခွန်ဦးစီးဌာန လက်အောက်ရှိ ခရိုင်/ မြို့နယ်ရုံးများ၏ လိပ်စာ၊ ဆက်သွယ်ရန် ဖုန်းနံပါတ်များနှင့် ရုံးဓာတ်ပုံများ

နေပြည်တော်ကောင်စီ၊ အကောက်ခွန်ဦးစီးဌာနမှူးရုံးမှာ ပြည်ထောင်စုဝန်ကြီးရုံး ရုံးအမှတ်(၂၆)တွင် ယာယီရုံးဖွင့်၍ လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျှက်ရှိပါသည်။ ဆက်သွယ်ရမည့် ဖုန်းနံပါတ်မှာ ၀၆၇-၄၁၀၀၆၀ ဖြစ်ပြီး လတ်တလော အခြေအနေတွင် လက်အောက်ခံ ခရိုင်ရုံးနှင့် မြို့နယ်ရုံးများ ဖွင့်လှစ်ထားခြင်း မရှိသေးပါ။


ရှေ့သို့