အထူးသတင်းကြေငြာချက်

လျှောက်ထားရန်

ဒေါ်လာရောင်း၊ဝယ် ဈေးနှုန်း

နိုင်ငံခြားငွေလဲလှယ်နှုန်း (၁၈.၁၀.၂၀၁၉)

အမေရိကန် တစ်ဒေါ်လာ ၁၅၃၃.၁
ဥရောပ တစ်ယူရို ၁၇၀၀.၃
တရုတ် တစ်ယွမ် ၂၁၆.၅၈
ထိုင်း တစ်ဘတ် ၅၀.၅၇၂
မလေးရှား တစ်ရင်းဂစ် ၃၆၆.၃၈
အိန္ဒိယ တစ်ရူပီ ၂၁.၅၂၀
ဂျပန် တစ်ရာယန်း ၁၄၀၈.၈
တောင်ကိုရီးယား တစ်ရာ၀မ် ၁၂၉.၉၇
သြစတြေးလျ တစ်ဒေါ်လာ ၁၀၄၃.၃
စင်ကာပူ တစ်ဒေါ်လာ ၁၁၂၁.၉
နေပြည်တော်ဘဏ်မှ ဝန်ဆောင်မှုပေးနေပါသည်။

နေပြည်တော်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန စတင်ပေါ်ပေါက်လာသည့် နောက်ခံသမိုင်း

၁။ ဒုတိယကမ္ဘာစစ်အပြီး မြန်မာနိုင်ငံလွတ်လပ်ရေးမရမီကာလ ၁၉၄၇ ခုနှစ်တွင် စစ်အတွင်းက စစ်ဘေး စစ်ဒဏ်ခံရသော ပြည်သူလူထုအများစုသည် စာရိတ္တမဏ္ဍိုင်ကြံ့ခိုင်မှုမရှိဘဲ အဘက်ဘက်မှပျက်စီးယိုယွင်း ခဲ့ပါသည်။ ကုန်ပစ္စည်းအမျိုးမျိုးသိုလှောင်ရာ ပြည်သူ့ထောက်ပံ့ရေးဌာနတွင် ပြည်သူပိုင်ပစ္စည်းတန်ဖိုးကျပ် သိန်းသောင်းချီ၍ ဆုံးရှုံးနစ်နာစေသည့်ကိစ္စများ၊ ဘဏ္ဍာငွေများများစွာ ဆုံးရှုံးရသည့်ကိစ္စများနှင့် လာဘ်ပေး လာဘ်ယူပြုလုပ်သည့် အဂတိလိုက်စားမှုများမကြာခဏဖြစ်ပွားခဲ့ပါသည်။ ထိုသို့သော အခြေအနေတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် နိုင်ငံတော်၏အနာဂတ် ကောင်းစားရေးအတွက် ဟံသာဝတီအဝိုင်းအနီးရှိ ဆိုရန်တိုဗီလာအဆောက်အဦတွင် စီးပွားရေး စီမံကိန်း များ ချမှတ်ရေးဆွဲသည့်အခါ စားသောက်ကုန်စျေးနှုန်းကျဆင်းရေးကို အရေးကြီးဆုံး ကိစ္စတစ်ရပ်အဖြစ် အကြောင်းပြု၍ အစိုးရပိုင် ပစ္စည်းများ/ပြည်သူပိုင်ဘဏ္ဍာငွေများ နစ်နာဆုံးရှုံးမှုမှကာကွယ်ရန် အထူး လိုအပ်ကြောင်း သုံးသပ်ခဲ့ပါသည်။

၂။ ဆိုရန်တိုဗီလာစီမံကိန်းကိုအကြောင်းပြု၍ လွတ်လပ်ရေးမတိုင်မီကာလ ၁၉၄၇ခုနှစ်၊ အရေးကြီးသော ကုန်ပစ္စည်းများနှင့်ဆောင်ရွက်မှုများဆိုင်ရာအက်ဥပဒေ (The Essential Supplies and Services Act, 1947) ကို ပြဌာန်းခဲ့ပါသည်။ ယင်းအက်ဥပဒေပုဒ်မ ၃ အရ မြန်မာနိုင်ငံအစိုးရ၊ ကူးသန်းရောင်းဝယ်ရေး နှင့်ထောက်ပံ့ရေးဝန်ကြီးဌာန၊ ပြည်သူ့ထောက်ပံ့ရေးပစ္စည်းများခိုးယူခြင်းမှ ကာကွယ်သည့်အမိန့်တစ်ရပ် ထုတ်ပြန် ခဲ့ပါသည်။ အဆိုပါအမိန့်တွင် ကူးသန်းရောင်းဝယ်ရေးနှင့် ထောက်ပံ့ရေးဝန်ကြီးဌာနမှ အတွင်းဝန်ဦးဆောင်ပြီး အဖွဲ့ဝင်(၂)ဦးပါဝင်သည့် ပြည်သူ့ထောက်ပံ့ရေး ပစ္စည်းများခိုးယူခြင်းမှ ကာကွယ်သည့်ကော်မတီ (Civil Supplies Theft Preventive Committee) ကို ဖွဲ့စည်းခဲ့ပါသည်။ ကော်မတီ၏တာဝန်မှာ ပြည်သူ့ထောက်ပံ့ရေး ဌာနပိုင်ပစ္စည်းများယိုဖိတ်မှု၊ ပျောက်ဆုံးမှု၊ ခိုးယူမှု၊ အလွဲသုံးစားမှုများကိုကာကွယ်ရန်နှင့် စုံစမ်းစစ်ဆေးအရေးယူ ရန်ဖြစ်ကြောင်း သတ်မှတ်ခဲ့ပါသည်။ ကော်မတီ၏ ကြီးကြပ်မှုအောက်တွင် စုံစမ်းစစ်ဆေးခြင်းလုပ်ငန်းကို လုပ်ကိုင် ရန်အဖွဲ့ဝင် (၁၅)ဦးပါသော စီမံကိန်းစစ်ဆေးရေးအဖွဲ့ငယ် (Project Investigation Squad) ကို ဖွဲ့စည်းခဲ့ရာ မြန်မာနိုင်ငံရဲအဖွဲ့နှင့် အင်းစိန်စီအိုင်ဒီမှနာမည်ကောင်းပြီး လာဘ်မစားသူများအားရွေးချယ်၍ ခရိုင်ရဲဝန်(၁)ဦး၊ ရဲဝန်ထောက်(၃)ဦး၊ ရဲမှူး(၇)ဦး၊ ရဲအုပ်(၂)ဦးနှင့် ရဲကြပ်ကြီး(၂)ဦး၊ စုစုပေါင်း (၁၅)ဦးဖြင့် ဖွဲ့စည်းခဲ့ပါသည်။

၃။ ၁၉၄၈ ခုနှစ်တွင် ပြည်သူ့ထောက်ပံ့ရေးပစ္စည်းများခိုးယူခြင်းမှ ကာကွယ်သည့်ကော်မတီ ကို ပြည်သူ့ပစ္စည်းကာကွယ်ရေးကော်မတီ (Public Property Protection Committee)ဟူ၍ လည်းကောင်း၊ စီမံကိန်းစစ်ဆေးရေးအဖွဲ့ငယ်ကိုလည်း ပြည်သူ့ပစ္စည်းကာကွယ်ရေးရဲအဖွဲ့ (Public Property Protection Police)ဟူ၍လည်းကောင်း ပြောင်းလဲခေါ်ဝေါ်ခဲ့ကာ ရဲအဖွဲ့ငယ်၏ အင်အားကို (၃၀)အထိ တိုးမြှင့်ပြီး ခရိုင်ရဲဝန်အဆင့်ရှိသူအား ဦးဆောင်စေခဲ့ပါသည်။ ၁၉၅၀ ခုနှစ်တွင် ပြည်သူ့ပစ္စည်း ကာကွယ်ရေးကော်မတီအားပြည်ထဲရေးဝန်ကြီးဌာန၏လက်အောက်သို့လွှဲပြောင်းပေးခဲ့ပါသည်။ ၁-၉-၁၉၅၁ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်စာအမှတ် ၁၄၂ အိတ်ချ်စီ ၅၁ အရ အထူးစုံစမ်းစစ်ဆေးရေးဌာနကို သီးခြားအဖွဲ့အစည်းတစ်ခုအဖြစ် စတင်ဖွဲ့စည်းခဲ့ပါသည်။ ထို့နောက် ၁၉၅၁ ခုနှစ်၊ အောက်တိုဘာလတွင် ၁၉၅၁ခုနှစ်၊ အထူးစုံစမ်းစစ်ဆေးမှုအုပ်ချုပ်ရေး အဖွဲ့နှင့် အထူးစုံစမ်းစစ်ဆေးရေးဌာနအက်ဥပဒေ (The Special Investigation Administrative Board and Bureau of Special Investigation Act, 1951) ကို တိုင်းပြု၊ ပြည်ပြုလွှတ်တော်မှ ပြဌာန်းခဲ့ပြီး ပြည်သူ့ပစ္စည်း ကာကွယ်ရေးကော်မတီကို အထူးစုံစမ်းစစ်ဆေးမှုအုပ်ချုပ်ရေးအဖွဲ့ဟုအမည်ပြောင်းကာဥက္ကဌနှင့်အဖွဲ့ဝင် (၄)ဦး ပါဝင်သောအဖွဲ့ကိုပြန်လည်ဖွဲ့စည်းခဲ့ပါသည်။ အဆိုပါ အက်ဥပဒေပုဒ်မ ၇ အရ အထူးစုံစမ်းစစ်ဆေးရေးဌာန ကိုလည်းဖွဲ့စည်းခဲ့ရာ ပြန်တမ်းဝင်အရာရှိ (၂၀)ဦး၊ ပြန်တမ်းဝင်မဟုတ်သောအရာရှိ (၂၂၇)ဦး၊ အမှုထမ်း (၆၈)ဦး စုစုပေါင်း (၃၁၅)ဦးရှိခဲ့ပါသည်။ ထိုစဉ်က အထူးစုံစမ်းစစ်ဆေးရေးဌာနကို နိုင်ငံတော်ဝန်ကြီးချုပ် ရုံးမှ တိုက်ရိုက် ကွပ်ကဲခဲ့ပါသည်။ ထိုသို့ဖွဲ့စည်းပြီးနောက်တွင် လာဘ်ပေးလာဘ်ယူမှုများကို စွမ်းစွမ်းတမံ ဖော်ထုတ်နိုင်ခဲ့ သဖြင့် ထိုစဉ်က သတင်းစာများတွင် အထူးစုံစမ်းစစ်ဆေးရေးဌာနမှ မှုခင်းများကိုရေးသားဖော်ပြ ကြသည်ကို မှတ်တမ်းများအရတွေ့ရှိရပါသည်။ စသုံးလုံး ဟူသောအမည်မှာလည်း ဗမာ့ခေတ် သတင်းစာ အယ်ဒီတာ မိုးကြိုး ဦးအုန်းခင် က စတင်သုံးနှုန်းခေါ်ဝေါ်ရာမှ နောက်ပိုင်းတွင် လူသိများလာခဲ့ကြောင်း၊ အင်္ဂလိပ်အမည် အတိုကောက်ဖြစ်သော BSI ဟူသည့်အမည်မှာလည်း လူသိများခဲ့ ကြောင်းသိရပါသည်။

၄။ ၁၉၅၈ ခုနှစ်၊ အိမ်စောင့်အစိုးရလက်ထက်တွင် အထူးစုံစမ်းစစ်ဆေးရေးဌာနကို ပြည်ထဲရေးဝန်ကြီး ဌာနမှ ပြန်လည်ကွပ်ကဲခဲ့ပါသည်။ ၁၉၆၂ ခုနှစ်တွင် တော်လှန်ရေးကောင်စီတက်လာပြီး နောက် အစိုးရ အဖွဲ့အစည်းအားလုံးကို အုပ်ချုပ်ရေးစနစ်သစ်နှင့်အညီ တဖြည်းဖြည်းပြောင်းလဲ ဖွဲ့စည်းခဲ့ရာ ၁-၃-၁၉၆၃ ရက်နေ့တွင် အထူးစုံစမ်းစစ်ဆေးမှုအုပ်ချုပ်ရေးအဖွဲ့ကို ဖျက်သိမ်းခဲ့ပြီး၊ အထူးစုံစမ်းစစ်ဆေးရေးဌာနမှာ ပြည်ထဲရေးဝန်ကြီးဌာန၏ တိုက်ရိုက်ကြီးကြပ်မှုအောက်သို့ရောက်ရှိခဲ့ပါသည်။ ဌာန၏လုပ်ငန်းများကို အမျိုးသားထောက်လှမ်းရေးအဖွဲ့၏ တာဝန်ပေးမှုဖြင့် ဆောင်ရွက်ခဲ့ပါသည်။

၅။ ၁၉၇၂ ခုနှစ်တွင် အစိုးရအဖွဲ့အစည်းအားလုံးသည် အုပ်ချုပ်ရေးစနစ်အသစ်နှင့်အညီ ပြုပြင် ဖွဲ့စည်းကြရသည့်နည်းတူ အထူးစုံစမ်းစစ်ဆေးရေးဌာနဖွဲ့စည်းပုံကိုလည်း ပြုပြင်ဖွဲ့စည်းပြီး အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနဟု အမည်ပြောင်းလဲခေါ်ဝေါ်ခဲ့ပါသည်။ ပြည်ထဲရေးဝန်ကြီးဌာနကိုလည်း ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနအမည်ဖြင့် ပြုပြင်ဖွဲ့စည်းပြီး ဦးစီးဌာနများကို ဒုတိယဝန်ကြီး၊ ဝန်ကြီးများက တိုက်ရိုက် ကြီးကြပ်ကွပ်ကဲပါသည်။ ၁၉၉၂ ခုနှစ်တွင် ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီး ဌာနအား ပြည်ထဲရေးဝန်ကြီး ဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းသောအခါတွင်လည်း အထူးစုံစမ်းစစ်ဆေးရေးဦးစီး ဌာနသည် ပြည်ထဲရေးဝန်ကြီးဌာန၏ တိုက်ရိုက်ကြီးကြပ်ကွပ်ကဲမှုဖြင့် လုပ်ငန်း များဆောင်ရွက်ခဲ့ပြီးနောက် ၂၀၀၄ ခုနှစ်တွင် အမျိုးသားထောက်လှမ်း ရေးအဖွဲ့အား ဖျက်သိမ်းပြီး ချိန်မှစ၍ ဦးစီးဌာန၏ လုပ်ငန်းနှင့် အုပ်ချုပ်ရေးကိစ္စအ၀၀ကို ပြည်ထဲရေးဝန်ကြီးဌာန၏ တိုက်ရိုက်ကြီးကြပ်ကွပ်ကဲမှုဖြင့် လက်ရှိအချိန်ထိ ဆောင်ရွက်လျှက်ရှိနေပါသည်။

ဦးစီးဌာန၏ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်များ ၀န်ထမ်းဖွဲ့စည်းပုံ

၆။ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရုံးအနေဖြင့် ပြည်နယ်/တိုင်းဒေသကြီး အဆင့်ဖြင့်သာရုံးဖွင့်လှစ်ထားရှိပြီး လက်ရှိအချိန်တွင် ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်ရုံးများ ဖွင့်လှစ်ထားရှိခြင်းမရှိပါ။

၇။ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၂၀)ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၅/၂၀၁၆)မှ သဘောတူခွင့်ပြုချက်များ အရ ယခင် အရာထမ်း(၄၉၀)နေရာ၊ အမှုထမ်း(၂၁၀၂)နေရာ၊ စုစုပေါင်း (၂၅၉၂)နေရာအား အရာထမ်း (၃၁)နေရာ၊ အမှုထမ်း (၁၀၅)နေရာ စုစုပေါင်း(၁၃၆)နေရာ ထပ်မံတိုးချဲ့ဖွဲ့စည်းခြင်းဖြင့် အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနကို အရာထမ်း(၅၂၁)နေရာ၊ အမှုထမ်း(၂၂၀၇)နေရာစုစုပေါင်း (၂၇၂၈) နေရာဖြင့် တိုးချဲ့ဖွဲ့စည်းခွင့်ပြုပြီးဖြစ်ပါသည်။

၈။ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေနေပြည်တော်တွင် ညွှန်ကြားရေးမှူး (၁)ဦး အပါအဝင် အရာထမ်း (၂၆)ဦး၊ အမှုထမ်း (၁၀၃)ဦး စုစုပေါင်း (၁၂၉)ဦးဖြင့် ဖွဲ့စည်းထားရှိပါ သည်။

အထူးစုံစမ်းစစ်ဆေးရေးဌာန၏ ရည်မှန်းချက်နှင့် လုပ်ငန်းတာ၀န်များ

၉။ ရည်မှန်းချက်တာ၀န်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်−

    1. (က)စီးပွားရေးဆိုင်ရာပြစ်မှုများကို စုံစမ်းဖော်ထုတ်၍ အရေးယူရေး၊
    2. (ခ)၀န်ထမ်းမသမာမှုများစုံစမ်းဖော်ထုတ်အရေးယူရေး၊
    3. (ဂ)နိုင်ငံတော် လုံခြုံရေးသတင်းများ စုဆောင်းတင်ပြရေး၊
    4. (ဃ)ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးတို့ ဖြစ်ပါသည်။

၁၀။ လုပ်ငန်းတာ၀န်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်−

    1. (က)စိစစ်ခြင်းလုပ်ငန်း၊
    2. (ခ)စုံစမ်းစစ်ဆေးခြင်းလုပ်ငန်း၊
    3. (ဂ)ဌာနတွင်းဥပဒေအကြံပေးလုပ်ငန်း၊
    4. (ဃ)တရားစွဲတင်ပို့ခြင်းနှင့် တရားရုံးအမှုလိုက်ပါခြင်း၊
    5. (င)သတင်းထောက်လှမ်းစုဆောင်းတင်ပြခြင်း၊
    6. (စ)လုံခြုံရေးပူးပေါင်း ဆောင်ရွက်ခြင်း။
ဦးစီးဌာန၏ ဆောင်ပုဒ်များ

၁၁။ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနအနေဖြင့်စုံစမ်းခြင်းသည်အမှန်တရားကိုရှာဖွေခြင်းဖြစ်သည် ဟူသော ဆောင်ပုဒ်ကိုအသုံးပြုခဲ့ပြီးလက်ရှိကာလတွင်ဌာနတွင်းလမ်းညွှန်မှုဖြင့် အောက်ဖော်ပြပါဆောင်ပုဒ်များကိုချမှတ် ၍ ခံယူကျင့်သုံးဆောင်ရွက်လျက်ရှိပါသည်-

    1. (က)နစ်နာသူကို ကူညီပါ၊
    2. (ခ)အမှန်ကိုရှာ၊ ဥပဒေနှင့်အညီ မျှတအောင်ဆောင်ရွက်၊
    3. (ဂ)မိမိလုပ်သမျှလုပ်ငန်း ရလဒ်အားလုံးအတွက် တာ၀န်ယူရဲရမည်။
ဦးစီးဌာနမှ ကျင့်သုံးလျက်ရှိသာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် ညွှန်ကြားချက်များ

၁၂။ ဦးစီးဌာနမှ ကျင့်သုံးလျက်ရှိသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် ညွှန်ကြားချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

    1. (က)၁၉၅၁ ခုနှစ်၊ အထူးစုံစမ်းစစ်ဆေးမှုအုပ်ချုပ်ရေးအဖွဲ့နှင့် အထူးစုံစမ်းစစ်ဆေးရေးဌာနအက်ဥပဒေ၊
    2. (ခ)၁၉၅၅ ခုနှစ်၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန လက်စွဲဥပဒေ၊
    3. (ဂ)၁၉၄၇ ခုနှစ်၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေ၊
    4. (ဃ)၁၉၆၃ ခုနှစ်၊ အများနှင့်သက်ဆိုင်သော ပစ္စည်းကာကွယ်စောင့်ရှောက်ရေးဥပဒေ၊
    5. (င)၁၉၈၆ ခုနှစ်၊ တရားမ၀င်သော နည်းလမ်းဖြင့်ရရှိသည့်ပစ္စည်းများပိုင်ဆိုင်ခြင်း၊ ရောင်း၀ယ်ခြင်းကို အရေးယူသည့်ဥပဒေ၊
    6. (စ)၂၀၁၄ ခုနှစ်၊ ငွေကြေးခ၀ါချမှုတိုက်ဖျက်ရေးဥပဒေ၊
    7. (ဆ)၁၈၆၁ ခုနှစ်၊ ပြစ်မှုဆိုင်ရာဥပဒေ၊
    8. (ဇ)ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ၊
    9. (စျ)သက်သေခံဥပဒေ၊
    10. (ည)အထူးနှင့်အထွေထွေဥပဒေ
    11. (ဋ)အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနအမှုစစ်လမ်းညွှန်။
    12. (ဌ)အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနညွှန်ကြားချက်အမှတ်(၁/၈၈)မှ (၁၀/၈၈)၊ (၁/၈၉)မှ (၂/၈၉)၊ (၁/၉၅) မှ (၂/၉၅)
    13. (ဍ)နိုင်ငံ့၀န်ထမ်းဥပဒေ၊ နည်းဥပဒေ။
ဆက်သွယ်ရန် ဖုန်းနံပါတ်များ

၁၃။ ဆက်သွယ်ရန်ဖုန်းနံပါတ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

    1. (က)ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရုံးညွှန်ကြားရေးမှူး၊ ၀၆၇−၅၅၀၀၂၃
    2. (ခ)ဒုတိယညွှန်ကြားရေးမှူး၊ ၀၆၇−၅၅၀၃၃၁
    3. (ဂ)လက်ထောက်ညွှန်ကြားရေးမှူး၊ ၀၆၇−၅၅၀၃၃၂
    4. (ဃ)တာ၀န်မှူးရုံးခန်း၊ ၀၆၇−၅၅၀၃၃၀
    5. (င)လယ်ဝေးမြို့ရှေ့တန်းရုံး၊၀၆၇−၃၀၉၀၉
    6. (စ)တပ်ကုန်းမြို့ရှေ့တန်းရုံး၊ ၀၆၇−၇၁၀၆၁


အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရုံးအဆောက်အဦပုံ


အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကွပ်ကဲမှုအောက်ရှိ လယ်ဝေးမြို့အခြေချရုံး အဆောက်အဦပုံ


အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကွပ်ကဲမှုအောက်ရှိ တပ်ကုန်းမြို့အခြေချရုံး အဆောက်အဦပုံ

ရှေ့သို့